Thursday, March 19, 2015

" လမ်း "
ဘ၀ဟာ
မွေးနေ့တစ်ရက် သေတစ်ရက်
နှစ်ရက်ပဲ အထင်ကရရှိတယ်
ငါမွေးလာတော့ ပင်ပန်းဆင်းရဲ

သေမင်းငင်တဲ့ ငါ့အမေကျေးဇူးတင်တယ်
ငါကြီးလာတော့ ကျွေးမွေးပညာ
သင်ပေးရှာတဲ့ ငါ့အဖေကျေးဇူးတင်တယ်
ငါ့အဖေမှာကြား
တမင်းတလုတ် ဖြူစင်စွာစား
ငါ့အမေမှာကြား

နောက်ဘ၀အတွက်
ကောင်းကင်ဘုံသွားလက်မှတ်ဝယ်ထား
ငါကြွေးဟောင်းဆပ်တယ်
မကျေသော်လည်းနောင်တကင်းတယ်

ကြွေးသစ်မ၀ယ်
လက်ကျန်ဟူသမျှအကြွေးမမှတ်
စာရင်းဖြတ်တယ်
လက်မှတ်ဝယ်ဖို့အလှည့်မရောက်ခင်
ငါသွားနှင့်သော်

ရေသော်မချိုးမမိုးပန်းခွေ
ပူဆွေးမလို မငိုပါနဲ့
အမှိုက်တစ်စ ဖျာနှင့်ပတ်ကာ
ချလိုက်ပါလေ
တီထွေးခြစား အာဟာရဖြစ်
ကျန်ရစ်သမျှ နတ္ထိဗလာ။

KZS
19/03/2015
(မသာတန်ဆာဆင်သူများအပိုကုန်ခြင်းကင်းပါစေ)

Thursday, February 26, 2015

ဆူး

ဆူး
ဆူးစူးတယ်
ထွင်မရဘူး
အပူချိန် ၃၀၀၀ပေးတယ်
အားလုံးမီးနဲ့ရှို့လိုက်တယ်
နောက်ဆုံးပြာတောင်မကျန်ချင်တော့လို့။
၂၆.၂.၂၀၁၅

Saturday, December 25, 2010

“ ကြောက်ရွံ့မှုတဲ့ ”

ကြောက်ရွံ့မှုတဲ့
ဆင်းရဲပင်ပန်းခြင်းကိုလား
ချမ်းသာပျော်ရွှင်ခြင်းကိုလား
သားကျွေးမှုမယားကျွေးမှုကိုလား
လက်ကြောတင်းရမှာကိုလား။

ကြောက်ရွံ့မှုတဲ့
လူပီသစွာပြောဆိုရမှာကိုလား
ပွင့်လင်းစွာညှိနှိုင်းရမှာကိုလား
ထွက်ခွာခွင့်တောင်းရမှာကိုလား
သားရေပိုင်ရှင်ကကျေးဇူးတရားတွေထုတ်ဖော်မှာကိုလား။

ကြောက်ရွံ့မှုတဲ့
လွတ်လပ်စွာတွေးခေါ်ရမှာကိုလား
တန်းတူအခွင့်အရေးရမှာကိုလား
ပခုံးချင်းယှဉ်လာမှာကိုလား
စားခွက်လုမှာကိုလား။

ကြောက်ရွံ့မှုတဲ့
မနုဿ     ရဲ့ဖြစ်တည်မှုကိုလား
ဣထ္ထိလိင်ပုလ္လိင်တွေရဲ့သဘာဝကိုလား
ပြုလုပ်ခဲ့တဲ့အမှားတွေတန်ပြန်မှာကိုလား
လိပ်ပြာခုံရုံးမှာအစစ်ခံရမှာကိုလား။

သေချာတာကတော့ နယူတန်ရဲ့နိယာမပါပဲ
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိပါတယ်
မကြောက်ပါနဲ့ စောင့်နေပါ
တစ်နေ့ရောက်လာမှာပါ မင်းဆီကို။

စိမ်းမြမြ
၂၂၊၁၂၊၂၀၁၀